မြန်မာနိုင်ငံဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့ (၂၂) ကြိမ်မြောက် သုတေသနညီလာခံမှ ဘာသာရပ်အလိုက် အကောင်းဆုံး သုတေသနစာတမ်းဆု ချီးမြှင့်ခြင်း အစီအစဉ်

မြန်မာနိုင်ငံဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့၏ (၂၂) ကြိမ်မြောက် သုတေသနညီလာခံမှ ဘာသာရပ် အလိုက် အကောင်းဆုံး သုတေသနစာတမ်းဆု ချီးမြှင့်ခြင်း အစီအစဉ်ကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၁၁) ရက်၊ ဗုဒ္ဓဟူးနေ့တွင် စိန်ရတုခန်းမ ပထမထပ်၊ မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့ အစည်းအဝေး ခန်းမတွင်ကျင်းပခဲ့သည်။
ဤသုတေသနညီလာခံတွင် ဖတ်ကြားတင်သွင်းခဲ့သည့် စာတမ်း (၂၄၃) စောင်အနက် အကောင်းစာတမ်းဆုရရှိခဲ့သော စာတမ်းရှင် (၂၄) ဦးအား ဆုချီးမြှင့်ခဲ့သည့် အစီအစဉ်၌ မြန်မာနိုင်ငံ ဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာသက်လွင်က အဖွင့်အမှာစကား ပြောကြားရာတွင် –
 ၂၁ ရာစုနှစ်မှာ သိပ္ပံနဲ့နည်းပညာရဲ့ အခန်းကဏ္ဍက လွှမ်းမိုးလာလိမ့်မယ်လို့ ပညာရှင် တွေက မျှော်လင့်ထားကြောင်း၊ ခေတ်နဲ့အညီ ICT အသုံးမချနိုင်ရင် လူမှုစီးပွားဘဝ အခြေအနေကို မြှင့်တင်ဖို့ အခက်ကြုံတွေ့ရနိုင်ကြောင်း၊ မြန်မာနိုင်ငံက မြေပေါ်မြေအောက် သဃံဇာတ ပေါကြွယ်ဝပြီး မြန်မာ့စီးပွားရေးက စိုက်ပျိုးမွေးမြူရေး လုပ်ငန်းပေါ် အားထားနေရတဲ့အတွက် သားငါးနဲ့ကောက်ပဲ သီးနှံတွေ က အဓိကပို့ကုန် ဖြစ်နေတာ ကြောင့် မြန်မာ့စီးပွားရေးကို မြှင့်တင်ဖို့ဆိုရင် မြေယာ (Land)၊ လုပ်သား (Labour)၊ အရင်းအနှီး (Capital) ရှိရမည် ဖြစ်ကြောင်း သုတေသနထွန်းကားလာလို့ မျိုးကောင်းမျိုးသန့် ကောက်ပဲသီးနှံရအောင် မျိုးစပ်ယူလို့ရနေပြီဖြစ်ကြောင်း၊ ရေမြေရာသီဥတုနဲ့ လူသားအရင်းအမြစ် (Human Capital) ရှိနေတဲ့အတွက် နိုင်ငံတော်ကတက္ကသိုလ်တွေမှ သုတေသနလုပ်ငန်း ထွန်းကားလာဖို့ ဓာတ်ခွဲစမ်းသပ်ခန်း၊ သင်ထောက်ကူပစ္စည်းများ၊ အင်တာနက်ကွန်ယက်တွေနဲ့အတူ သုတေသနရန်ပုံငွေကိုလဲ ပံ့ပိုးပေးလျက်ရှိကြောင်း၊ (၂၂) ကြိမ်မြောက် သုတေသန ညီလာခံ တွင် ဝိဇ္ဇာ (Art)၊ သိပ္ပံ(Science)နဲ့ လူမှုရေး (Social Science) ထဲက ပညာရပ်အသီးသီးနဲ့ နှီးနွှယ်နေတဲ့ဘာသာရပ် (Subject) အလိုက် သုတေသနစာတမ်းတွေကို ဖိတ်ခေါ်ခဲ့ပြီး ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်နဲ့ ရန်ကုန်ပညာရေး တက္ကသိုလ်တွေမှာရှိတဲ့ ဘာသာရပ်ဌာနအသီးသီးမှ အကောင်းဆုံးစာတမ်းဖြစ်ကြောင်း စိစစ်အကဲဖြတ်ရေးအဖွဲ့ရဲ့ ထောက်ခံတင်ပြချက်အရ အကောင်းဆုံးစာတမ်းများအား ဒီနေ့တွင်ဆုချီးမြှင့်ခြင်းဖြစ်ပါ ကြောင်း၊ ဆုရပုဂ္ဂိုလ်များအားလုံး ဘေးဘယာကင်းပြီး လိုရာဆန္ဒအဝဝ ပြည့်စုံပါစေကြောင်း ဆုမွန်ကောင်း တောင်းပါကြောင်း ပြောကြားသွားပါသည်။
 အစီအစဉ်အရ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်ကျော်က မြန်မာနိုင်ငံဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့ (၂၂) ကြိမ်မြောက် သုတေသနညီလာခံတွင် တင်သွင်းခဲ့သော ဘာသာရပ် (၂၅) မျိုးအနက်မှ (၂၄) ဦးကို ဒီနေ့အခမ်းအနားမှာ ဆုချီးမြှင့်မှာဖြစ်ပါတယ်။ ဒီဆုချီးမြှင့်ပွဲဟာ စီမံချက်မှာ ပါရှိတာဖြစ်သည့်အတွက် မြန်မာနိုင်ငံဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့ အစည်းအဝေးခန်းမမှာ အကျဉ်းချုံး၍ ဆုချီးမြှင့်ပွဲ ကျင်းပခဲ့ခြင်းဖြစ်သော်လည်း အကောင်းဆုံးစာတမ်းရှင် (၂၄) ဦးကို တခမ်းတနား မဟုတ်သည့်တိုင် အမှုဆောင်အဖွဲ့က ကိုယ်တိုင်ကိုယ်ကျ ချီးမြှင့်ရခြင်းမှာ ဂုဏ်ယူစရာကောင်းပါကြောင်း၊ အခက်အခဲတွေကြားမှ ယှဉ်ပြိုင်ကြရပြီး မိမိဆောင်ရွက် ခဲ့သည့် သုတေသနလုပ်ငန်းတွေကို ဒီနယ်ပယ်ထဲမှ ပညာရှင်များ ရှေ့မှောက်မှာ တင်ပြခွင့် ရရှိရန် မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့က ကျင်းပခြင်းဖြစ်ကြောင်း၊ အကောင်းဆုံး စာတမ်းဆုဟု ဆိုသော်လည်း ဘာသာရပ်တစ်ခုမှာ အနည်းဆုံးယှဉ်ပြိုင်သူ စာတမ်း (၃) ခုရှိရန်လိုသော်လည်း အကောင်းဆုံးဟုသတ်မှတ်ပြီး ကနဦး စိစစ်ရွေးချယ်ရေးအဖွဲ့မှ ရွေးချယ်ပေးသည့်အပေါ် မြန်မာနိုင်ငံဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့အနေဖြင့် စောဒကတက်စရာ အကြောင်းမရှိပါကြောင်း၊ အရည်အချင်းမီတယ်လို့ခံယူပါကြောင်း၊ ယနေ့မြန်မာနိုင်ငံမှာ လူ့စွမ်းအားအရင်းအမြစ် လိုအပ်နေတဲ့ ကွက်လပ်ကို ဖြည့်ဆည်းပေးသကဲ့သို့ ဖြစ်သည်ဟု ပြောနိုင်ပါကြောင်း၊ တစ်နိုင်ငံလုံး ဘွဲ့ရဦးရေ ၃ သန်းရှိပြီး၊ ပညာရေးဝန်ကြီးဌာနနှင့် အခြား ဝန်ကြီးဌာနအသီးသီးမှ ဘွဲ့ရများကို မွေးထုတ်ပေးတာဖြစ်ကြောင်း၊ ဒါကြောင့် တက္ကသိုလ် အသီးသီးမှာ တာဝန်ထမ်းဆောင်နေသော အကောင်းဆုံးဆုရ ဆရာ၊ ဆရာမများဟာ မိမိ တိုင်းပြည်အတွက် လိုအပ်နေသော လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးအတွက် အထောက်အကူ အများကြီးပြုနိုင်ဖို့ ပညာတတ်တွေ မျှော်လင့်ပါကြောင်း၊ ဘွဲ့ရပုဂ္ဂိုလ်တွေ များများမွေးထုတ်ပေးနိုင်မှ တိုင်းပြည်ဖွံ့ဖြိုးရေးလုပ်ငန်းများအဖြစ် တည်ငြိမ်အေးချမ်းရေး လုပ်ငန်းများမှာလည်း အထောက်အကူပြုမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလုပ်ငန်းတွေ ဆောင်ရွက်နေသော ဆရာ၊ ဆရာမများနှင့် ဆုရ ဆရာ၊ ဆရာမ များအားလုံးကို မြန်မာနိုင်ငံ ဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့မှ အထူးပင်ကျေးဇူးတင်ပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် အစီအစဉ်အရ အကောင်းဆုံးစာတမ်းရှင်ဆုများကို ဆရာကြီး ဒေါက်တာသက်လွင်၊ ဒေါက်တာမောင်ကျော်၊ ဒေါက်တာဦးဝင်း၊ ဒေါက်တာတင်မောင်ထွန်းနှင့် ဒေါက်တာတင်ညိုတို့က ချီးမြှင့်ခဲ့ကြပါသည်။ ဤဆုချီးမြှင့်ပွဲကို Online မှ တက်ရောက်သူ (၄၀) ကျော်၊ Onsite ဖြင့် တက်ရောက်သူ (၃၂) ဦး စုစုပေါင်း (၇၂) ဦး တက်ရောက်ခဲ့ပါသည်။