ဥက္ကဋ္ဌ၏ သတင်းစကား


    အစိုးရ၏ခွင့်ပြုချက်အရ ပညာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ ဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့ (MAAS)ကို ၁၉၉၉ခုနှစ် သြဂုတ်လ (၁၉)ရက်နေ့တွင် နိုင်ငံတော် အစိုးရက စတင်၍ ဖွဲ့စည်းပေးခဲ့ပါသည်။ ပညာရှင်အဖွဲ့၏ အမှုဆောင်အဖွဲ့ကို ရှာဖွေရွေးချယ်ရေးအဖွဲ့က အဆိုပြုခဲ့သော ပုဂ္ဂိုလ်များနှင့် ဖွဲ့စည်းခဲ့ပါသည်။ အမှုဆောင်အဖွဲ့တွင် ဌာနအကြီးအမှူးအဖြစ် တာဝန်ထမ်းဆောင် ခဲ့ကြသော် ပညာရှင်ကြီးများ၊ ဝါရင့်သမ္ဘာရင့် ဆရာကြီး/ဆရာမကြီးများ၊ စီမံခန့်ခွဲရေးအပိုင်း၌ ဂုဏ်သတင်းကြီးသူများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ပါမောက္ခမျာ၊ ကထိကများ၊ နှင့် သဘာဝသိပ္ပံ၊ လူမှုရေး သိပ္ပံ၊ ဝိဇ္ဇာပညာရပ်များ၊ မနုဿဗေဒ အစရှိသော ဘာသာရပ် နယ်ပယ်အသီးသီးမှ ပညာရှင်များ ဖြစ်ကြပါသည်။

    ဤအမှုဆောင် အဖွဲ့ဝင်များထဲတွင် လက်ရှိတာဝန် ထမ်းဆောင်နေကြသူတို့၏ အရေအတွက်သည်၊ သက်ကြီးအငြိမ်းစားပုဂ္ဂိုလ်များ၏ အရေအတွက်ထက် ပိုမို၍ များပြား ကြောင်းတွေ့ရပါမည်။ MAAS အနေဖြင့် ၂၁ ရာစုခေတ်တွင် ထွန်းကားတိုးတက်လာလျက်ရှိသော နည်းပညာရပ်များကို တတ်ကျွမ်းပြီး အဆင့်မြင့်ပညာရေးကဏ္ဍမှ အနာဂတ်မျိုးဆက် သစ်များအား ပျိုးထောင်ပေးရန်၊ ပညာရေးကဏ္ဍကို ပြုပြင်ပြောင်းလဲပေးရာ၌ တစ်ဖက် တစ်လမ်းမှ ပံ့ပိုးပေးရန် တာဝန်ရှိပါသည်။ MAAS သည် ဆေးပညာရှင်အဖွဲ့၊ နည်းပညာရှင် အဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ပညာရှင်အဖွဲ့တို့နှင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိသည့်အပြင် မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးအဖွဲ့နှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ MAAS သည် ၂၀၁၄ ခုနှစ်မှစတင်၍ အာရှသိပ္ပံကောင်စီ (SCA)၏ အဖွဲ့ဝင်ဖြစ်လာပါသည်။ ထို့အပြင် နိုင်ငံတကာ တက္ကသိုလ်များနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

    လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးသည် မြေပေါ်မြေအောက် သယံဇာတအပေါ် တည်မှီ နေသော်လည်း သာယာဝပြောမှုသည် လူ့စွမ်းအားဖွံ့ဖြိုးတိုးတက်မှုအပေါ်တွင် အများအပြား မူတည်နေပါသည်။ လူ့ဘောင်အဖွဲ့အစည်း တိုးတက်မြင့်မားလာစေရန်အတွက် အရည်အသွေး ပြည့်မီသော ပညာရေးသည် မရှိမဖြစ်လိုအပ်သော အရင်းအနှီးဖြစ် လာကြောင်း အသိအမှတ်ပြုလာကြပါသည်။ အရည်အသွေးပြည့်ဝသော လူသား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ပညာရေးဝန်ကြီးဌာန သည် (၂၀၀၁-၀၂-၂၀၃၀-၃၁) အနှစ်သုံးဆယ် နှစ်ရှည် ပညာရေးဖွံ့ဖြိုးမှု စီမံကိန်းကို အကောင်အထည် ဖော်ဆောင်ခဲ့ပါသည်။

    ဤနှစ်ရှည်စီမံကိန်းတွင် အောက်ပါနယ်ပယ် (၆) ခု အပေါ်တွင် အာရုံအထူး စိုက်ခဲ့ပါသည်-

  • လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး
  • နည်းပညာအသုံးချရေး
  • သုတေသန နယ်ပယ်ကျယ်ပြန့်ရေး
  • တစ်သက်တာ ပညာသင်ယူနေသော လူ့ဘောင်အဖွဲ့အစည်း ဖွဲ့ဖြိုးတိုးတက်ရေး
  • ပညာရေး၏ အရည်အသွေးကို မြှင့်တင်ပေးရေး
  • အမျိုးသား အမှတ်လက္ခဏာနှင့် အမျိုးသားတန်ဖိုးကို ထိန်းသိမ်း စောင့်ရှောက်ရေး

MAAS အဖွဲ့ဝင်များသည် အမျိုးသားပညာရေးမဟာဗျူဟာ စီမံကိန်း ၂၀၁၆-၂၀၂၁ National Education Strategic Plan မူကြမ်းရေးဆွဲရာတွင်လည်း တစ်တပ်တစ်အား ပါဝင်၍ အကြံဉာဏ်များပေးခဲ့ကြပါသည်။ အဆင့်မြင့်ပညာရေးကဏ္ဍ အတွက် (NESP) တွင် အောက်ဖော်ပြပါ မဟာဗျူဟာ (၃)ရပ်ကို ချမှတ်ထားခဲ့ပါသည်-

  • အဆင့်မြင့်ပညာရေး၏ အုပ်ချုပ်မှုနှင့် စီမံခန့်ခွဲမှုအားကောင်းစေခြင်း၊
  • အဆင့်မြင့်ပညာ၏ ဆက်စပ်ဆီလျော်မှုနှင့် အရည်အသွေး မြင့်မားအောင် ဆောင်ရွက်ခြင်း၊
  • အဆင့်မြင့်ပညာ သင်ယူခွင့်သာတူညီမျှမှုကို တိုးချဲ့ပေးခြင်း၊