၂၀၂၆ ခုနှစ်၊ ဧပြီလ (၂၄) ရက်နေ့တွင် စိန်ရတုခန်းမ အစည်းအဝေးခန်း၌ ပညာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အမှုဆောင် အဖွဲ့ဝင်များနှင့်တွေ့ဆုံ၍ နိုင်ငံတော်၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်မည့် သုတေသနလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် နေပြည်တော်၊ ရန်ကုန်၊ မန္တလေးတို့တွင်ရှိသည့် တက္ကသိုလ်သုံးခုတွင် Centre for Research and Innovation (CRI)ကို စတင်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ရန်ကုန်တက္ကသိုလ် တွင်ရှိပြီးဖြစ်သည့် Centre for Research and Innovation (CRI)တွင် သုတေသနများ လုပ်ဆောင်နိုင်ရန်အတွက် လိုအပ်သောစက်ပစ္စည်းများကို ဖြည့်ဆည်းပံ့ပိုးပေးသွားမည် ဖြစ်ပါ ကြောင်း၊ လက်ရှိတွင်သီးခြားစီဖြစ်နေသည့် မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့၊ အမျိုးသား သင်ရိုးညွှန်းတမ်းကော်မတီ၊ မြန်မာစာအဖွဲ့တို့ကို ကွန်ရက်တစ်ခုတည်းအဖြစ် ချိတ်ဆက်နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့နှင့် အခြားသုတေသနဌာန အဖွဲ့အစည်းများအကြား ပိုမိုနီးကပ်စွာ ချိတ်ဆက်ဆောင်ရွက် သွားကြစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့် အမှုဆောင် အဖွဲ့ဝင်များက မြန်မာနိုင်ငံဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့၏ ဆောင်ရွက်ချက်များကို ရှင်းလင်း တင်ပြပြီး သုတေသနစာတမ်းများနှင့်စပ်လျဉ်း၍ အကြံပြုဆွေးနွေးတင်ပြကြသည်။



